14680630_1283712835006208_601484972299307621_n

၂၀၁၇ မှာ သေချာပေါက်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်း ၁၃ ကား

၂၀၁၇ မှာ ထွက်ရှိလာမယ့် ရုပ်ရှင်တော်တော်များများက သရုပ်ဆောင်ကောင်းတွေ၊ ဇာတ်ညွန်းကောင်းတွေနဲ့ ဖန်တီးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒရာမာတွေထက် action ကားတွေကလည်းပိုများနေပါတယ်။ superhero ကားအတော်များများ ထွက်ရှိလာမှာဖြစ်သလို မနှစ်က တွေ့မြင်ခဲ့ရတဲ့ Luke Skywalker ၊ Thanos နဲ့ Batman တို့လို ပရိသတ်အကြိုက်ဇာတ်ကောင်တွေကို ပိုမြင်တွေ့ရဖို့ရှိပါတယ်။ ဒါ့အပြင် ဒီနှစ်က ကျွန်တော်တို့ ဇာတ်လိုက်ကျော် Logan ကြီးရဲ့ နောက်ဆုံးအချိန်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲ ထွက်ရှိလာမယ့်ကားကောင်းတွေထဲကနေပြီး Motaku က စောင့်ကြည့်သင့်တယ်လို့ ရွေးချယ်ထားတဲ့ ဇာတ်ကား ၁၃ ကားကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ poster တစ်ခုချင်းစီ ကြည့်သွားပေးပါခင်ဗျ။

 

၁။ xXx: The Return of Xander Cage (Jan 14)

1. 1 14

ကျွန်တော်တို့ဆီမှာ နာမည်ကြီးခဲ့တဲ့ xXx ရုပ်ရှင်တွေအတွက် တတိယမြောက်ကား The Return of Xander Cage မှာ Vin Diesel ကို extreme sports အားကစားသမား အစိုးရထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေးတပ်ဖွဲ့ဝင် Xander Cage အဖြစ်နဲ့ပြန်မြင်ရမှာဖြစ်ပါတယ်။ ဒုတိယကားနဲ့ တော်တော်လေးအချိန်ကွာဟသွားတဲ့အတွက် ပရိသတ်က ဘယ်လောက်အထိအားပေးမယ်ဆိုတာတော့မသိနိုင်သေးပေမယ့် Donnie Yen ၊ Tony Jaa နဲ့ Nina Dobrev တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်နေပြီး trailer တွေကလည်း action ခန်းတွေ အသားပေးထားတာကြောင့် ကောင်းမယ်လို့ ယူဆရပါတယ်။

 

၂။ The LEGO Batman Movie (Feb 10)

2. 2 10

၂၀၁၄ ရဲ့ Academy ဆု စကာတင်ကားဖြစ်တဲ့ LEGO Movie ရဲ့ spinoff ဖြစ်ပြီး ပရိသတ်အားပေးကြတဲ့ဇာတ်ကောင်တွေထဲကမှ Batman ကို နောက်ထပ်ရုပ်ရှင်တစ်ကားစာထပ်ပြပေးတဲ့သဘောပါပဲ။ လောလောဆယ်မှာ superhero ရုပ်ရှင်တွေ လူကြိုက်များနေတဲ့အတွက် ဟာသလည်းပါတဲ့ ဒီ animation လေးကို အားလုံးသဘောကျကြမှာပါ။ Will Arnett က Batman အဖြစ်အသံသရုပ်ဆောင်တာဖြစ်ပြီး ဒါရိုက်တာ Chris Mckay က ဟောလိဝုဒ်စတားတော်တော်များများကို ထည့်သွင်းထားပါတယ်။ Robin အဖြစ် Michael Cera ၊ Batgirl အဖြစ် Rosario Dawson ၊ Alfred အဖြစ် Ralph Fiennes ၊ Gotham မြို့တော်ဝန်အဖြစ် Mariah Carey နဲ့ Joker ကိုတော့ Zach Galifianakis တို့က သရုပ်ဆောင်ကြမှာပါ။ ဒီကားမှာတော့ Joker ရဲ့ ဒုစရိုက်မှုတွေကို တားဆီးဖို့အတွက် Batman က တစ်ယောက်တည်းကြိုးစားနေရာက သူ့လိုလူတွေရဲ့ အကူအညီကိုရယူရမယ့်အကြောင်းဖြစ်ပါတယ်။ LEGO Movie တုန်းကလို ပေါ့ပေါ့ပါးပါးနဲ့ သီချင်းတွေ ပါဝင်ပြီး အရသာတူမယ်လို့ မျှော်လင့်ရပါတယ်။

 

၃။ Logan (March 3)

3. 3 3

ဒီလို r-rated ကြေကွဲစရာအဆုံးသတ် Logan ကိုမှ ရုံမှာမကြည့်မိလိုက်ဘူးဆိုရင်တော့ နှမြောစရာပါ။ ၂၀၁၃ ရဲ့ The Wolverine အောင်မြင်မှုကို လိုက်နိုင်မလား ပြောတတ်ပေမယ့် ကြည့်ရသမျှ trailer တွေမှာတော့ တီးလုံးတွေနဲ့ cinematography တွေက ခေတ်နှောင်းပိုင်းကောင်းဘွိုင်ကားတွေကို ဆွေးမြေ့စရာဖြစ်ပြီး အရင်ကားတွေနဲ့ အထူးသဖြင့် X-Men ဇာတ်ကားတွေကနေ ခွဲထွက်မယ့်ပုံပါ။ အစောပိုင်း sample ကြည့်ပြီးကြသူတွေကလည်း ချီးကျုးထားပါတယ်။ Mark Millar ရဲ့ Old Man Logan ဇာတ်လမ်းကို မီငြမ်းထားတာဖြစ်ပြီး healing factor အစွမ်းလျော့ကျလာတဲ့ Logan ဟာ သူ့ရဲ့ clone မလေး X-23 နဲ့ ပါမောက္ခ Xavier တို့နဲ့အတူ Mutant တွေကို လိုက်နှိမ်နင်းနေတဲ့သူတွေဆီကနေ ပြေးလွှားရမယ့်ပုံပါ။ ဒီကားက Hugh Jackman အတွက် နောက်ဆုံးရုပ်ရှင်ဖြစ်လို့ အဆုံးသတ်မှာ ရန်သူ Donald Pierceနဲ့ သူ့လူတွေကို ရင်ဆိုင်တိုက်ခိုက်ခန်းတွေကို အများကြီးမျှော်လင့်ထားပါတယ်။

 

၎။ Ghost In The Shell (March 31)

4. 3 31

Rupert Sanders ရဲ့ Ghost in the Shell ရုပ်ရှင်အတွက် Scarlett Johansson ကို အဓိကဇာတ်ကောင်အဖြစ်ရွေးချယ်တဲ့သတင်းထွက်လာတာနဲ့ တစ်ပြိုင်နက် ဟော်လိဝုဒ်က ဇာတ်ကောင်တွေအားလုံးကို လူဖြူသရုပ်ဆောင်တွေချည်းအသုံးပြုတယ် ဒီဇာတ်ကားကလည်း ဂျပန်မန်ဂါဖြစ်ပြီး လူဖြူမင်းသမီးကို ရွေးချယ်ခဲ့တယ်လို့ စွတ်စွဲခံခဲ့ရပါတယ်။ ဒါပေမယ့် trailer တွေ ထွက်လာပြီးနောက်မှာတော့ သရုပ်ဆောင်နဲ့မဆိုင်ပဲ မန်ဂါတွေနဲ့ ရုပ်ရှင်ကို အတူဆုံးဖြစ်အောင် ဖန်တီးထားတယ်ဆိုတာကို animation ရုပ်ရှင်ရဲ့ ဒါရိုက်တာ Mamoru Oshii ကိုယ်တိုင်က အသိအမှတ်ပြုခဲ့ပါတယ်။ cyberpunk အမျိုးအစားဒီဇာတ်ကားမှာ ScarJo က Section 9 အထူးတပ်ဖွဲ့ကို ဦးဆောင်တဲ့ လူသား-cyborg hybrid ဖြစ်ပြီး အန္တရာယ်အရှိဆုံး ဒုစရိုက်သမားတွေ အကြမ်းဖက်သမားတွေကို ရှာဖွေနှိမ်နှင်းရသူပါ။ သူမအနေနဲ့ AI နည်းပညာနဲ့ စက်ရုပ်နည်းပညာတွေကို တိုက်ရိုက်တားဆီးမယ့် ရန်သူအဖွဲ့ကြီးနဲ့ ကြုံလာတဲ့အခါ ကိုင်တွယ်ဖြေရှင်းတာတွေကို action ခန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

 

၅။ Guardians of the Galaxy Vol.2. (May 5)

5. 5 5

၂၀၁၄ မှာ GotG နဲ့ Marvel ပရိသတ်တွေ ရုပ်ရှင်ပရိသတ်တွေအားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပြီးနောက် ဒီနှစ်မှာတော့ Awesome Mixtape Vol 2 နဲ့အတူ ဒီဘုကလန့်ငါးယောက်ရဲ့ စွန့်စားခန်းအသစ်တွေကို ထပ်မြင်တွေ့ရပါတော့မယ်။ ဒီတစ်ခေါက်မှာတော့ သူတို့မှာ အဖွဲ့ဝင်အသစ်တွေတိုးလာမှာဖြစ်ပြီး ဟာသကို ပိုအသားပေးထားတယ်လို့ထင်ရပါတယ်။ Nebula နဲ့ Gamora ကို ဒီဇာတ်ကားမှာ screentime ပိုများမယ်လို့ ထင်ကြေးပေးထားကြပြီး အသက်ရှိတဲ့ဂြိုဟ်ကြီး Ego ၊ Mantis နဲ့ Ayesha တို့လည်းပါမှာဖြစ်ပြီး Yondu နဲ့ Nova Corps တွေကိုလည်းပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။ Peter Quill က ဘာလို့ Power Stone ကို ကိုင်နိုင်သလဲ နောက် Ragnarok Inhumans တွေနဲ့ကော ဆက်မလား။ Thanos ကိုတော့ သေချာပေါက်ထပ်မြင်ရမှာပါ။

 

၆။ Wonder Woman (June 2)

6. 6 2

ပထမကမ္ဘာစစ်ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားဟာ Wonder Woman ကို ပိတ်ကားပေါ်တင်ဖို့ မဖြစ်နိင်ဘူးလို့ ငြီးခဲ့တဲ့ DC အတွက်တော့ အလောင်းအစားကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် action ခန်းတွေက BvS နဲ့ Man Of Steel လိုပဲ အသက်ပါပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Gal Gadot က Steve Trevor အဖြစ်သရုပ်ဆောင်တဲ့ Chris Pine နဲ့ အတွဲညီတယ်လို့ trailer တွေက ပြနေပါတယ်။ ဒီဘက်ခေတ်မှာ အမျိုးသမီးဇာတ်လိုက်နဲ့ ပထမဆုံး superhero ကားဖြစ်တဲ့အတွက် အားလုံးက မျှော်လင့်ထားကြပါတယ်။ အခုချိန်အထိ ဗီလိန်ဘယ်သူလဲဆိုတာမပြသေးပဲ Ares လို့ အသံထွက်နေတာပဲရှိပါသေးတယ်။ Amazonian တွေအဖြစ် အမျိုးသမီးသရုပ်ဆောင်အတော်များများပါဝင်ပြီး စစ်ကားတစ်ကားကြည့်နေရသလိုခံစားရမှာပါ။ BvS မှာသုံးခဲ့တဲ့ တီးလုံးကိုပဲပြန်အသုံးပြုထားတာဆိုတော့ ကြားလိုက်တာနဲ့ ကြက်သီးထစရာပါပဲ။

 

၇။ Transformers: The Last Knight (June 23)

7. 6 23

The Last Knight ဟာ သူ့ရဲ့နောက်ဆုံး Transformers ရုပ်ရှင်ပဲလို့ Michael Bay ပြောခဲ့တာ အတည်ဆိုရင်တော့ အရင်ကားတွေထက်အများကြီးသာမယ်လို့ မျှော်လင့်ရပါတယ်။ ငါးကားမြောက်မှာလည်း Optimus Prime က ဇာတ်လိုက်ကျော်ပဲဖြစ်ပြီး ၂၀၁၄ ခုနှစ် Age Of Extinction မှာ အာကာသကို ထွက်သွားတာကနေ ပြန်ဆက်မှာဖြစ်ပါတယ်။ trailer တွေမှာတော့ ပြန်ရောက်လာတဲ့ Optimus က Bumblebee ကိုတိုက်ခိုက်တာကိုတွေ့ခဲ့ရတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ ဒီကားမှာ ဇာတ်ကောင်အသစ်အဖြစ် Hot Rod ပါလာမှာဖြစ်ပြီး အရင်ကားက Grimlock ကလည်းပြန်လည်ပါဝင်မှာပါ။ ဒီကားရဲ့ ဗီလိန်ကလည်း Megatron ပဲဖြစ်ပြီး King Arthur နဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ မသိသေးပါဘူး။ အရင်ကားက သရုပ်ဆောင်တွေဖြစ်တဲ့  Mark Wahlberg, Tyrese Gibson Stanley Tucci တို့က ဒီကားမှာထပ်ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

 

၈။ Spider-Man : Homecoming (July 7)

8. 7 7

Civil War မှာ Tony Stark ဘက်က ပါဝင်ပေးခဲ့ပြီးနောက် အထက်တန်းကျောင်းသား Peter Parker ဟာ Tony ရဲ့ လမ်းညွန်မှုနဲ့ သူရရှိထားတဲ့အစွမ်းကိုအသုံးချပြီး သူ့ပတ်ဝန်းကျင်က ဒုစရိုက်မှုတွေကို ကာကွယ်မှာဖြစ်ပါတယ်။ ဆရာတပည့်ဆက်ဆံရေးလိုဖြစ်လာတဲ့သူတို့နှစ်ယောက် ၊ Peter ရဲ့ လူငယ်ဘဝ အချစ်ရေးတွေ ပြီးတော့ လက်နက်နည်းပညာတွေကို လိုက်စုဆောင်းနေတဲ့ Vulture နဲ့ Shocker တို့ကို ဒီကားမှာတွေ့ရမှာဖြစ်ပြီး လူငယ် superhero တစ်ယောက်အနေနဲ့ တာဝန်တွေ၊ ဆုံးဖြတ်ချက်အမှားတွေကို ဘယ်လိုအဆင်ပြေအောင်ကျော်လွှားမလဲ ဒါတွေကို Homecoming မှာကြည့်ရပါလိမ့်မယ်။ Robert Downey Jr က screentime များမယ်လို့ယူဆရပြီး ၁၅ နှစ်အတွင်း တတိယမြောက် သရုပ်ဆောင်ဖြစ်တဲ့ Tom Holland က SpiderMan ဇာတ်ရုပ်ကို ထင်တာထက်ပိုကောင်းအောင် သရုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

 

၉။ Thor: Ragnarok (July 28)

9. 7 28

Hulk နဲ့ Thor တို့ရဲ့စွန်စားခန်းမှာ The Dark World အဆုံးသတ်မှာ ပျောက်ဆုံးသွားတဲ့ နတ်ဘုရား Odin ကိုလိုက်ရှာကြမှာဖြစ်ပါတယ်။ Loki ကရော ဘယ်လို လိုက်နှောက်ယှက်မလဲ။ Doctor Strange ရဲ့ mid-credits scene မှာ သူ့အဖေကို ကူရှာပေးဖို့လာခေါ်တဲ့ Thor ကို Stephen က ရှာပေးပါမယ်လို့ သဘောတူလိုက်တယ်ဆိုတော့ Dr. Strange ကိုလည်း ဒီကားမှာ တွေ့ရမှာပါ။ Planet Hulk ဇာတ်လမ်းလည်း ပါမှာဖြစ်တဲ့အတွက် Thor နဲ့ Hulk ရဲ့ တိုက်ခိုက်ခန်းလည်း ကြည့်ရမှာဖြစ်ပါတယ်။ Age of Ultron အပြီးမှာ Hulk ရောက်သွားတဲ့နေရာကို မြင်ရမှာဖြစ်ပြီး နောက်ရုပ်ရှင်တွေဖြစ်တဲ့ Black Panther နဲ့ Infinity War အထိဘယ်လိုဆက်သွားမလဲဆိုတာကို မြင်ရဖို့ရှိပါတယ်။

 

၁၀။ Kingsman: The Golden Circle (Oct 6)

10. 10 6

Mark Millar ရဲ့ Kingsman ရုပ်ပြဇာတ်လမ်းကို ရုပ်ရှင်အဖြစ်အသက်သွင်းတာအောင်မြင်ခဲ့ပြီးနောက် ဒုတိယကားမှာလည်း James Bond နဲ့ တခြား spy action ကားတွေကို သရော်တဲ့ပုံစံဟာသတွေကိုပဲမြင်ရဦးမှာပါ။ ဒီတစ်ခေါက် ဇာတ်လမ်းကို သေချာမသိကြသေးပေမယ့် Kingsmen တွေက အမေရိကန်ပြည်ထောင်စုက သူတို့လို Statesmen တွေကို လူဆိုးခေါင်းဆောင် Poppy ကိုလိုက်ရှာတဲ့နေရာမှာ ပါဝင်ကူညီကြမယ်လို့ ပြောနေကြပါတယ်။  ဇာတ်ကောင်အသစ်တွေအဖြစ် Channing Tatum Julianne Moore Halle Berry Jeff Bridges နဲ့ Elton John တို့ပါဝင်မှာဖြစ်ပြီး Colin Firth ရဲ့ ဇာတ်ကောင် Harry Hart ကလည်း သေသွားပြီဖြစ်ပေမယ့် တစ်နည်းနည်းနဲ့ ပြန်ပါလာမှာပါ။

 

၁၁။ Justice League (Nov 17)

11. 11 17

DCEU ရဲ့ အနာဂတ်က Justice League ရုပ်ရှင်ရဲ့ ပရိသတ်အားပေးမှုအပေါ်မူတည်နေပါတယ်။ Man of Steel BvS နဲ့ Suicide Squad တို့ကို ဝေဖန်မှုတွေများခဲ့ပေမယ့် box office ဝင်ငွေက အားရလောက်စရာဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Batman Wonder Woman Flash Aquaman နဲ့ Cyborg တို့ပူးပေါင်းပြီး Darkseid ရဲ့ ဗိုလ်ချုပ် Steppenwolf ရဲ့ ထိုးစစ်ကို ကာကွယ်ကြတာကို သေချာပေါက် အားပေးကြမှာပါ။ Apokolips က လာကျုးကျော်မှာကို ကြိုပြထားပြီးသားဖြစ်လို့ Doomsday ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ Superman ဘယ်လိုပြန်အသက်ရှင်လာမလဲဆိုတာကို သိချင်နေကြမှာပါ။ Trailer က ဘာမှသိပ်မပြသွားပေမယ့် Justice League အဖွဲ့ဝင်တိုင်းက ထူးခြားတဲ့ personality တွေနဲ့ဆိုတော့ dialogue တွေမိုက်မယ် Zack Snyder ထုံးစံအတိုင်း action ခန်းတွေ epic ဖြစ်မယ်ဆိုတာသေချာပါတယ်။

 

၁၂။ Full Metal Alchemist (Dec)

12. 12

Full Metal Alchemist က ဂျပန်မှာ နာမည်ကြီး မန်ဂါနဲ့ anime series ဖြစ်ပြီး အပိုင်းများဇာတ်လမ်းရှည်ကို တစ်ကားတည်းဒါမှမဟုတ် သုံးကားစာလောက်ပြန် ချုံ့ပြီး live action ရိုက်မှာပါ။ အဂ္ဂရတ်ပညာကိုလွယ်လွယ်မလုပ်နိုင်အောင် ထိန်းချုပ်ထားတဲ့တိုင်းပြည်မှာ ကွယ်လွန်သွားတဲ့မိခင်ကို ပြန်အသက်ရှင်အောင် ကြိုးစားရင်း မှားယွင်းပြီး ခြေထောက်နဲ့လက်ဆုံးရှုံးသွားတဲ့ Edward နဲ့ ခန္ဓာကိုယ်တစ်ခုပျက်စီးသွားတဲ့ သူ့ညီ Alphonse တို့ရဲ့အကြောင်းပါ။ Edward ဟာ State Alchemist တစ်ယောက်ဖြစ်လာခဲ့ပြီး သူတို့ခန္ဓာကိုယ်တွေကိုပြန်ကုစားဖို့အတွက် ပြဒါးရှင်လုံးရှာဖွေမှာဖြစ်ပါတယ်။ ဂျပန်ရော နိုင်ငံတကာမှာ လူကြိုက်များတာကြောင့် live-action ကိုလည်း ပရိသတ်က အားပေးကြမှာပါ။

 

၁၃။ Star Wars Episode VIII (Dec 15)

13. 12 15

TFA ရဲ့ sequel ဒီကားမှာတော့ ဒါရိုက်တာက J.J Abrams မဟုတ်တော့ပဲ Rian Johnson ပြောင်းသွားပါတယ်။ TFA နဲ့ Rogue One လောက် ကောင်းနိုင်ဖို့အတွက် ဇာတ်ညွန်းကိုတော်တော် ကြိုးစားထားတယ်လို့ဆိုကြပါတယ်။ Jedi Master Luke Skywalker ကို ပြန်တွေ့ရမှာဖြစ်ပြီး သူနဲ့ သူ့ရဲ့တူတပည့် Kylo Ren တို့ကြားဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုသိရတော့မှာဖြစ်ပါတယ်။

Snoke ကဘယ်သူလဲ Rey ရဲ့မိဘတွေက ဘယ်မှာလဲ Kylo Ren က ဘာဆက်လုပ်မှာလဲ သိချင်နေတဲ့ဒီမေးခွန်းတွေကို ဖြေပေးမှာဖြစ်ပြီး Kylo Ren နဲ့ Rey က romance ဖြစ်လာမယ်လို့လည်း ကောလဟာလတွေထွက်နေပါတယ်။ Poe Dameron နဲ့ Finn ရဲ့ bromance ကိုလည်း ကြည့်ရမှာပါ။ စိတ်မကောင်းစရာ တစ်ခုက ဒီကားဟာ Carrie Fisher ရဲ့ General Leia ဇာတ်ကောင်အတွက် နောက်ဆုံးရုပ်ရှင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Episode 8 ကိုတော့ ၂၀၁၇ ရဲ့ အဆုံးသတ်မှာပြသမှာဖြစ်ပါတယ်။

 

ပရိသတ်တွေရော ဘယ်ရုပ်ရှင်တွေကို စောင့်နေကြလဲဗျ။

 

– NHA

About Kyitha Maung

Working as Game and Entertainment Editor for years in media. Active gamer, otaku and a comic nerd.

Leave a Reply

Your email address will not be published. Required fields are marked *