ရုပ်ရှင်အညွှန်း – The Great Wall

ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ တရုတ်-ဟောလီးဝုဒ် ရုပ်ရှင် The Great Wall ဟာ ပိတ်ကားထက်ကို ရောက်ရှိလာပါပြီ။ ဒီ အက်ရှင်စွန့်စားခန်းရုပ်ရှင်ကိုတော့ နာမည်ကျော်ဒါရိုက်တာ ကျန်းရီမို(Zhang Yimou)က တရုတ်ပိုင် ဟောလီးဝုဒ်စတူဒီယိုဖြစ်တဲ့ Legendary ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ရိုက်ကူးပေးတာဖြစ်ပါတယ်။ ဟောလီးဝုဒ်အကျော်အမော် Matt Damon အပါအ၀င် အရှေ့နှင့် အနောက် ရုပ်ရှင်လောကနှစ်ခုလုံးမှ A စာရင်းဝင် ထိပ်တန်းနှင့် ၀ါရင့် သရုပ်ဆောင်တွေပါဝင်ပြီး တရုတ်ပြည်ရုပ်ရှင်သမိုင်းမှာတော့ ငွေကြေးအများဆုံး အကုန်အကျခံထုတ်လုပ်တဲ့ ရုပ်ရှင်တစ်ခုပါ။

တရုတ်ပြည်မ၏ ရုပ်ရှင်ဈေးကွက်ဟာ အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့တာပါ။ သိပ်မကြာခင်နှစ်တွေအတွင်း ကမ္ဘာအကြီးမားဆုံး ရုပ်ရှင်ဈေးကွက်ကြီး ဖြစ်လာပါတော့မယ်။ 2019 လောက်မှာဆိုရင်ပေါ့။ တရုတ်ပြည်ဟာ ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ပုံနှိပ်ထုတ်ဝေခြင်း အစရှိတဲ့ မီဒီယာလုပ်ငန်းတွေ အားလုံးမှာ အဘက်ဘက်က ၀င်ငွေ တဟုန်ထိုးမြင့်တက်နေခဲ့တယ်။ တရုတ်ပြည်တွင်းမှာ ရုပ်ရှင်ရုံသစ်တွေ အများကြီး ပေါ်ထွက်လာနေတယ်။ 2016 ဒီဇင်ဘာ 20 ရက်က စစ်တမ်းတစ်ခုမှာတော့ 2016 အတွင်း တစ်ရက်မှာ ပျှမ်းမျှ ရုပ်ရှင်ရုံပေါင်း 26 ရုံ နှုန်းဖြင့် မြင့်တက်လာနေခဲ့တာဟာ လက်ရှိဆိုရင် ပြည်မမှာတော့ ရုပ်ရှင်ရုံပေါင်း 40947 ရုံထိ ရောက်ရှိနေပြီလို့ သိရတယ်။ ကမ္ဘာအကြီးဆုံး ရုပ်ရှင်ဈေးကွက်တည်ရှိရာ အမေရိကမှာတောင် 40759 ရုံပဲရှိပါတယ်။ အမေရိကမှာ တန့်နေတဲ့ ရုပ်ရှင်ဈေးကွက်ဟာ တရုတ်မှာတော့ ၀င်ငွေအရမ်းကောင်းလာနေတာပါ။ The Great Wall ဟာ အဆိုပါ တရုတ်ဈေးကွက်ကို အဓိကဦးတည်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။

1

ဇာတ်လမ်းကိုတော့ အရှေ့တိုင်းဟာ အနောက်တိုင်းထက် ယဉ်ကျေးမှုပိုထွန်းကားရာ အချိန်ကာလကို အခြေခံပါတယ်။ အနောက်ဘက်မှ စွန့်စားသူနှစ်ဦးဖြစ်တဲ့ William Garin(Matt Damon), Pero Tovar(Game of Thrones’ Pedro Pascal) တို့ဟာ ယမ်းမှုန့်တွေကို ရှာဖွေဖို့ အဖွဲ့ငယ်တစ်ဖွဲ့ကို ဦးဆောင်လာခဲ့ပြီး ဂိုဘီကန္တာရထဲ ၀င်ရောက်လာခဲ့ကြတယ်။ သူတို့ဟာ ကန္တာရထဲက ကီတန်တွေ လိုက်တိုက်ခိုက်ခြင်းကနေ အသက်လုပြီး ပြေးနေခဲ့ရခြင်းနဲ့ ရုပ်ရှင်ဖွင့်ခဲ့တယ်။ ကီတန်တွေလက်ချက်နဲ့ အဖွဲ့သားအချို့ကျဆုံးခဲ့ပြီး လက်ကျန်အဖွဲ့သားတွေနဲ့ ကိုယ်လွတ်ရုန်းခဲ့ကြရတယ်။ နယ်မြေသစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရင်းမှပဲ လမ်းတစ်ဝက်မှာတော့ အမည်မသိ အန္တရာယ်ကောင်လက်ချက်နဲ့ အဖွဲ့သားတွေအားလုံး သေဆုံးခဲ့ပြီး Garin နဲ့ Tovar တို့က အဆိုပါ အန္တရာယ်ကောင်ကို အပြတ်ရှင်းနိုင်ခဲ့တယ်။ နောက်ကလိုက်လာတဲ့ ကီတန်တွေလက်က ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားရင်း မဟာတံတိုင်းကြီးရှိရာ ခံတပ်ကို ရောက်ရှိလာခဲ့တယ်။ ကီတန်တွေဟာ တရုတ်တပ်ဖွဲ့ကို ထပ်တိုက်ရင်ဆိုင်ဖို့တော့ နောက်ဆုတ်ခဲ့ကြတယ်။ ခံတပ်မှာက တရုတ်အရာရှိတွေ ဦးဆောင်သော စစ်တပ်ဟာ နှစ် 60 မှာ တစ်ကြိမ် သူတို့ကို ဒုက္ခပေးနေတဲ့ မွန်းစတားတွေကို ခုခံဖို့ အဆင်သင့်ရှိနေကြတာပါ။

2 - Copy

ခံတပ်ဟာ လူစိမ်းနှစ်ဦးကို စစ်ဆေးနေချိန်မှာပဲ အရာရှိတွေ တုန်လူပ်ခဲ့တာကတော့ Garin တို့ ကီတန်တွေလက်ထဲက ပုန်းအောင်းနေတုန်း ဂူထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ မွန်းစတားထံက ဖြတ်တောက်လာခဲ့တဲ့ လက်ကိုမြင်ခဲ့ချိန်မှာပါပဲ။ အစိမ်းရောင် အသားအရေရှိတဲ့ မွန်းစတားကို Garin တို့နှစ်ဦးက တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်ဆိုတာကို အရာရှိတွေက မယုံနိုင်ဖြစ်ခဲ့ကြတယ်။ တရုတ်စစ်တပ်တွေဟာ မွန်းစတားတွေ၏ အန္တရာယ်ကနေ အကာအကွယ်ဖြစ်ဖို့ မဟာတံတိုင်းကြီး တည်ဆောက်ပြီး အဆင်သင့်စောင့်နေတယ်ဆိုပေမယ့် သူတို့တစ်တွေက မွန်းစတာတွေရောက်လာဖို့ အချိန်လိုသေးတယ်လို့လည်း ထင်ခဲ့ကြတာပါ။ အဲ့သည်အချိန်မှာပဲ ခံတပ်အပြင်တွေက မွန်းစတားတွေ မဟာတံတိုင်းကို စတင်တိုက်ခိုက်ပြီဆိုတဲ့ အချက်ပြမှု ရောက်လာခဲ့တယ်။ တပ်ဖွဲ့တွေအားလုံးက မွန်းစတားတွေကို ခုခံဖို့ ပြင်ဆင်ခဲ့ကြတော့တယ်။

3BAB46DA00000578-4070332-image-a-33_1482923790320

ဒီနောက်မှာတော့ တရုတ်အရာရှိတွေ ဦးဆောင်တဲ့ လူသားတပ်ဖွဲ့တွေနဲ့ Garin တို့ ပူးပေါင်းပြီး တံတိုင်းကြီးကို ကျော်လွန်ဖို့ ကြိုးစားလာနေတဲ့ မွန်းစတားတွေကို အပြတ်ခြေမှုန်းဖို့ ကြိုးစားကြတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အစပိုင်း 15 မိနစ်ဟာ အာရုံစိုက်ကြည့်ကြဖို့ လိုအပ်ပါမယ်။ ဘာလို့လည်းဆိုတော့ အကြောင်းအရာတွေက ခပ်မြန်မြန်လာမှာမို့ပါပဲ။ ကြည့်ဖို့တန်တဲ့ တိုက်ခိုက်ခန်းတွေနဲ့ သည်းထိတ်ရင်ဖိုဖြစ်ပါလိမ့်မယ်။ အစောပိုင်းမှာ Garin နဲ့ Tovar တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အစိမ်းရောင်မွန်းစတားကို အသေအချာမြင်ကြရပြီး အသက်ရှင်သန်ဖို့ Garin တို့ကလည်း မွန်းစတားတွေကို တိုက်ခိုက်ရပါတော့တယ်။(မွန်းစတားတွေဟာ တရုတ်ဒဏ္ဍာရီတစ်ခုခုကို အခြေခံတယ်လို့ ယူဆပါတယ်။ မွန်းစတားတွေထဲမှာ ခေါင်းဆောင်အဖွဲ့နှင့် ဘုရင်မတို့ရှိပြီး သူတို့က သာမာန်မွန်းစတားတွေကို အမိန့်ပေးစေခိုင်းနိုင်ပါတယ်။ ဒီအကြောင်းကိုတော့ ဇာတ်ကားထဲမှာ ထည့်သွင်းရှင်းပြထားပါတယ်)

3

The Great Wall ရုပ်ရှင်ဟာ ပြကွက်တွေ မြန်လွန်းပါတယ်။ ရုပ်ရှင်ထဲမှာတော့ စစ်သားတွေ ဘာလို့ ကိုယ်ကျိုးစွန့်ကြတယ်၊ တိုက်ခိုက်ကြတယ်ဆိုတာကို ပေါ်လွင်အောင် မပြသနိုင်ဘူးလို့ ခံစားမိခဲ့တယ်။ ဟောလီးဝုဒ်နဲ့မတူ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်ပြသလို့လည်း ဖြစ်ကောင်းဖြစ်မှာပါ။ ခက်တာက အဓိကကျတဲ့ Garin ကို ဘယ်လိုအကြောင်းကြောင့် လက်ခံယုံကြည်ပြီး သူနောက်က ရပ်ခဲ့ကြတယ်ဆိုတာမျိုးလည်း မသေချာခဲ့ပါဘူး။ မွန်းစတားနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်နိုင်ပေမယ့် တပ်ဖွဲ့ကြီးတွေ သူ့ကို ယုံကြည်ရလောက်အောင်ဆိုတဲ့ အနေအထားနဲ့ဆိုရင်တော့ ပေါ်လွင်မှုမရှိလှပါဘူး။ Garin ပါဝင်ရတဲ့ အတိုင်းအတာဟာ သူစွမ်းဆောင်ခဲ့တာထက်စာရင် အများကြီး ပိုရခဲ့တာပါ။ ထိပ်တန်းမင်းသားတွေကို အသုံးပြုထားတဲ့ စစ်သူကြီးဇာတ်ကောင်တွေကလည်း စွမ်းရည်နဲ့ သြဇာကို သက်သေပြရမယ့်အစား ချပ်ဝတ်တန်ဆာအထူကြီးတွေနဲ့ ဒေါသထွက်နေတာ၊ စိုးရိမ်နေကြတာကလွဲလို့ ဇာတ်ကားအတွက် ဘာအကျိုးအမြတ်မှ မမြင်ရခဲ့ရဘူး။

3 - Copy

ဗီလိန်တွေ၊ မွန်းစတားတွေနဲ့ ဇာတ်ရံတွေကြား ပေါင်းစပ်မှုဟာ ထိရောက်ခဲ့ခြင်းမရှိဘူးလို့ ခံစားရပြီး စစ်တပ်ကြီး၏ ထိရောက်မှုကို လုံလုံလောက်လောက် မြင်ခဲ့ရခြင်းမရှိပါဘူး။ တစ်ကားလုံး လှပပြီး သန့်ရှင်းသော အသားအရေနှင့် စစ်သူရဲမေတွေကိုတော့ ထည့်မပြောတော့ပါဘူးလေ။ ဒီလိုစစ်ပွဲမှာ တိုက်ခိုက်သူတွေဟာ ကြင်နာသနားတတ်ပြီး သန့်ပြန့်နေကြတယ်ဆိုတာကတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးပဲဖြစ်မှာပါ။ စစ်သူရဲမေတွရဲ့ မွန်းစတားတွေကို ခြေမှုန်းမှုဟာ အော်ပရာပြပွဲဆန်နေတာတော့ အံ့သြသင့်စရာပါပဲ။ ဇာတ်လမ်းရဲ့ အစပိုင်းလောက်ထိ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ ဟာကွက်တွေနဲ့ တိုက်ပွဲတွေကတောင် စိတ်ဝင်စားဖို့ မကောင်းခဲ့တာပါ။ သတိထားမိသလောက်တော့ ဒီကားမှာ ဒါရိုက်တာကျောက်ရီမို ကာလာပိုင်းကို အတော်သုံးထားပါတယ်။

1 - Copy

US-China ပူးတွဲရိုက်ကူးပြီး ထုတ်လုပ်မှုစရိတ် ဒေါ်လာ သန်း 150 ကျော် အသုံးပြုခဲ့သလို၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေ အများကြီးနဲ့ ရိုက်ကူးခဲ့တဲ့ “The Great Wall” ဟာ ဒေသတွင်း ဝေဖန်မှုကောင်းတွေကိုတော့ မရရှိခဲ့ပါဘူး။ တရုတ်ပြည်တွင်း ရုပ်ရှင်ဝေဖန်ရေးတွေမှာ ‘အရမ်းကောင်းတဲ့ ဇာတ်ကားမဟုတ်သလို၊ ညံ့ဖျင်းတဲ့ကားလည်း မဟုတ်ဘူး’ ဆိုတဲ့ မှတ်ချက်တွေနဲ့ မျှော်လင့်ထားသလောက် မကောင်းခဲ့တဲ့ရုပ်ရှင်ပါပဲ။ အချို့သော ထင်မြင်ချက်ကောင်းတွေကို ရရှိခဲ့သေးပေမယ့် အများစုကတော့ ဝေဖန်မှုတွေ ပေးခဲ့ကြတာပါ။ အညွှန်းတွေရဲ့ Rating ပေးမှုတွေမှာ (6/10) တောင် အနိုင်နိုင်ရခဲ့ပါတယ်။ ဒါဟာ အပျော်တမ်းကော၊ ပရို ရုပ်ရှင်အညွှန်းသမားတွေ နှစ်မျိုးလုံးမှာဖြစ်တယ်။ လက်ရှိအချိန်ထိ တရုတ်ပြည်တွင်းမှာပဲ ပြသထားပြီး ဒေါ်လာ သန်း 160 ကျော် ရရှိနေပေမယ့် ဆက်လက်အောင်မြင်ဖို့ အခွင့်အရေးကောင်းတွေနည်းပါးလှသလို အမေရိကမှာ ရုံတင်ပြသရင်လည်း အကျိုးအမြတ် အများကြီး မရနိုင်တော့ဘူးလို့ ခန့်မှန်းထားကြပါတယ်။ တရုတ်ပြည်တွင်းမှာလည်း ဒေါ်လာ သန်း 40 လောက်သာ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဂျက်ကီချန်းပါဝင်သည့် ‘Railroad Tigers’ က ပြည်တွင်း နံပါတ် ၁ နေရာကို လွဲပြောင်းယူခဲ့ပါပြီ။

ဒါရိုက်တာကျောက်ဟာ 2002 မှာတုန်းက ရိုက်ကူးခဲ့တဲ့ Hero ရုပ်ရှင်နှင့် အမေရိကမှာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူပိုအောင်မြင်ခဲ့တာကတော့ Christian Bale ပါဝင်ရိုက်ကူးတဲ့ The Flowers of War ရုပ်ရှင်ပါပဲ။ The Great Wall မှာတော့ နာမည်ကျော်မင်းသား Damon နဲ့ လက်တွဲခဲ့ပေမယ့် မျှော်လင့်နိုင်စရာ တစ်ခုကိုမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ စွန့်စားခန်းရုပ်ရှင်တစ်ခုကို အားလပ်ရက်မှာ ကြည့်ရူ့ဖို့ရာ အရမ်းညံ့ဖျင်းတဲ့ ရုပ်ရှင်တစ်ခု မဟုတ်ပေမယ့်။ ထိပ်တန်းသရုပ်ဆောင်၊ ဒါရိုက်တာတွေနဲ့ ရိုက်ကူးခဲ့လို့တာ အဆင့်တစ်ခုထိ ရှိနေခဲ့တဲ့ ဒီကားရဲ့ညံ့ဖျင်းမှုကိုတော့ ဒါရိုက်တာ Zhang Yimou ကော၊ မင်းသား Matt Damon ကပါ ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ပဲ ဆိုပါရစေ။

ဟန်သာ

About Kyitha Maung

Working as Game and Entertainment Editor for years in media. Active gamer, otaku and a comic nerd.

Leave a Reply

Your email address will not be published. Required fields are marked *